လမ်းဘေးအမှိုက် ခဲတစ်လုံးပစ်ခတ်
အပြုအမူတိုင်းတွက် ခွင့်ပြုပေးမယ့်
နှလုံးသားတစ်စုံ ထုဆစ်ဖို့
မခံချင်စိတ်နဲ့ မာနတွေက
သည်းခြေပျက်အောင် ရူးနေပြီ။
ဇာတ်လမ်းတွေ စချင်တိုင်းစ
လျှာရိုးမရှိ ပြောချင်တိုင်းပြော
အပြီးသတ်ဇာတ်သိမ်းမှာ ရူးသွားခဲ့တဲ့
ဇာတ်ကောင်စရိုက်တွေနဲ့
ဗြဲလရမ်း၊ အပေါစားအချစ်တွေ
ငါလိုက်ကောက်ရအောင်
အရှက်တရား ပေါများမနေဘူး။
မုန်းမေ့လိုက်တော့ လမ်းခွဲစကား
ပေါ့ပေါ့လေး ပြောထွက်သွားခဲ့သူ
အစိမ်းသက်သက် စကားလုံးတွေအောက်
ခံနိုင်ရည် အရည်ပျော်အမှတ်
ဝ˚ဃ အောက် ကျရောက်နေပြီ။
ဘဝတွေတိုင်းအတွက် လက်တွဲဖော်အဖြစ်
”ယာယီ” တံဆိပ်ရိုက်
အပြောင်းအလဲတရားတွေ လွယ်လင့်တကူ
ဖြစ်ပျက်သွားပေမယ့်
ငါ့မှတ်ဥာဏ်တွေ သံမှိုတွေလို
တစ်ခါရိုက်နှိပ်ရုံနဲ့ တစ်သက်စွဲထင်သွားခဲ့လို့
လမ်းပြခွဲခွာသွားခဲ့တဲ့ ကျောပြင်တစ်နေရာ
”အမုန်း” ဆိုတဲ့ စာသားထာဝရ ဆွဲချိတ်ထားလိုက်ပြီ။
No comments:
Post a Comment