Blogger Widgets
  • Followers

    Wednesday, July 4, 2012

    မေချစ်တဲ့ ရွှေမင်းသမီး



    မေ ငယ်ငယ်လေးထဲကနေ ကြားခဲ့ဖူးတဲ့ မေချစ်တဲ့ ရွှေမင်းသမီးလေးအကြောင်း။

    ပြောလို့မကုန်တဲ့ သူမရဲ့ အလှအပ၊ ပေါကြွယ်ဝတဲ့ သူမရဲ့ အကြောင်း၊ပြည့်စုံလှတဲ့ သူမရဲ့ ကြွယ်ဝမှုတွေအောက်မှာ မေ မှင်သက်နေခဲ့ဖူးတယ်။
    သူမရဲ့ ပြီးပြည့်စုံတဲ့ အလှအပကောက်ကြောင်းတွေ အမို့အမောက်၊ရှိုက်ကြီးရှိုက်သွယ် အသွယ်သွယ်ကို ကောက်ကြောင်းတွေ ပုံဖော် ဆွဲကြည့်မိတိုင်း မြတ်နိုးခြင်းများစွာနဲ့ တစ်စိမ့်စိမ့် ကြည့်ခဲ့ဘူးတယ်။
    ပန်းချီဆွဲညံ့လှတဲ့မေ သူမရဲ့ ကောက်ကြောင်းတွေကို မညီမညာ ဆွဲခဲ့ဖူးတယ်။
    သူမဟာ တော်ဝင်နန်းထိုက်တဲ့ မင်းသမီး၊ သဘာဝက ပေးတဲ့ ကြွယ်ဝမှုတွေကို ပိုင်ဆိုင်သူ အဖြစ် ကမ္ဘာတစ်ဝှမ်းမှာ သတင်းကြီးခဲ့လို့ လိုချင်သူတွေ ဝိုင်းဝိုင်းလည်ခဲ့သူဖြစ်တယ်။
    သူမဟာ သူမရဲ့ ခွန်အားတွေနဲ့ သားသမီးများစွာကို မွေးထုတ်ပေးရင်း သားသမီးတွေကို ပြုစု ပျိုးထောင်ပေးခဲ့သူ မိခင်ကြီးအဖြစ် ခန့်ခန့်ညားညား ရပ်တည်ခဲ့သူဖြစ်တယ်။
    ထူးချွန်ပြောင်မြှောက်လှတဲ့ သားသမီးတွေကြောင့် သူမ ဂုဏ်ယူဝင့်ကြွားခဲ့ရတယ်။
    ဆိုးသွမ်းလှတဲ့ သားသမီးတွေကြောင့် သူမ အဖိအနှိပ်ခံ မျက်နှာငယ်ခဲ့ရဖူးတယ်။
    မသင့်မြတ်ပဲ တကျက်ကျက် ရန်ဖြစ်နေကြသည့် သားသမီးတွေကြောင့် သူမ ပင့်သက်တွေ ရှိုက်ရင်း ရင်မောခဲ့ဖူးတယ်။
    ရင့်ကျက်တည်ငြိမ်နေတဲ့ အရွယ်၊ဇရာထောင်းစပြုနေတဲ့ မေချစ်သည့် ရွှေမင်းသမီးကို ကြည့်ရင်း မေလဲ သူမနှင့်ထပ်တူ ဂုဏ်ယူခဲ့ဖူးသည်။ သူမနှင့်ထပ်တူ  ကြေကွဲခဲ့ဖူးသည်။ နာကျင်ခဲ့ရသည်။
    တစ်ခါတစ်ရံ ရှိုက်သံမဲ့ စိုစွတ်ယုံ တိတ်တိတ်လေး ငိုကြွေးနေတတ်သည့် သူမရဲ့ မျက်ရည်တွေကို ထိတွေ့မိရင်း မေ့ရဲ့ လက်နှစ်ဖက်ကို  အစွမ်းကုန် ဆန့်တန်းရင်း သူမအား ပွေးဖက်နှစ်သိမ့်ပေးချင်ခဲ့သည်။
    သူမ ဝမ်းနည်းချိန်တိုင်း သူမနှင့် ထပ်တူ ကြေကွဲဝမ်းနည်းခဲ့သည့်မေ သူမရင်ခွင်ထဲ ခေါင်းတိုးရှိုက်ငိုချင်ခဲ့မိသည်။
    သူမကို မေချစ်သည်။
    သူမကို နာကျင်ခြင်းတွေ ကင်းစေချင်သည်။
    သူမသည် မေ့ရင်ထဲက ချစ်မြတ်နိုးလွန်းသော မိခင်ကြီး။
    သူမတွင် သားသမီးများစွာ ရှိသည်။
    ဆုတစ်ဆု တောင်းခွင့်များရခဲ့မည်ဆိုလျှင် မေချစ်တဲ့ ရွှေမင်းသမီး တစ်ဖြစ်လဲ မိခင်ကြီးအတွက် ဆုတောင်းပေးလိုက်ချင်ရဲ့။
    အမေအိုကြီး ရောဂါ အနာဘယကင်းဝေးလို့ လန်းလန်းဆန်းဆန်း စိုပြေသာယာနိုင်ပါစေ။
     အမေ့ရင်မှာ ဖြစ်သော သားသမီးတွေရဲ့ ဘဝတွေ ငြိမ်းအေးနိုင်ကြပါစေ။ လှည့်ဖြာချင်းတွေ ကင်းလို့ ကြင်နာမှုတွေနဲ့ တစ်ဦးလက်ကို တစ်ဦး ကြင်နာစွာ ဆုပ်ကိုင်နိုင်ကြပါစေ။ အမေ့ခန္ဓာမှာ စွန်းထင်နေတဲ့ အမုန်း၊အာဃာတသွေးစက်တွေ အမြန်ဆုံး ကင်းစင်ပြီး အမေထာဝရ စိမ်းလန်းနိုင်ပါစေ။



    ပြီးပြည့်စုံ လှပတဲ့ သူမမွေးထုတ်ပေးခဲ့သည့် သားသမီးတွေများစွာထဲက သူမရင်ခွင် ခိုလှုံသူ ဖြစ်ခွင့်ရခဲ့လို့ မေ ကျေနပ်ဂုဏ်ယူပါတယ်။
    ကမ္ဘာ့အလယ်မှာ ရွှေမင်းသမီးရဲ့ နာမည်သတင်း ကောင်းသတင်းတွေ မွှေးပျံ့နိုင်ပါစေ။

     
    

..... (¯`v´¯)♥
    .......•.¸.•´
    ....¸.•´
    ... (
    /
    /♥♥
    / \ ♥♥ Sungsah

    Post Comment

    No comments:

    Post a Comment