အဲဒီညကပေါ့ သူ နတ်သမီးနဲ့ တွေ့ခဲ့တယ်။
ခါတိုင်းလို သူတို့၊ ဒီည၊ စုဖွဲ့ရင်း ကန်ဘောင်ဆီ။
စီးကရက်တစ်ဗူးရယ်။ ဘီယာတစ်ကဒ်ရယ်။
ဂစ်တာတစ်လက်ရယ်။
သူငယ်ချင်းတွေရယ်။ ချစ်သူရယ်။
ကောင်းကင်ရဲ့ ကြယ်စု အလင်းစတွေအောက် လေပြေညင်းတို့၏
ရေပြင်။ နောက် အဝေးတစ်နေရာက လွင့်မျောနေတဲ့
လ။
ညကန်ဘောင်ရဲ့ ဟိုဟိုဒီဒီ လူအုပ်တွေထဲ
ဂီတာတီးရင်း သီချင်းဆိုနေကြတဲ့။
ဘီယာစုဖွဲ့ သောက်နေကြတဲ့။ နောက်
အမှောင်မှာ ခိုးခိုးနမ်းနေကြတဲ့။
တစ်ယောက်ဆီက ဆောင်းထားတဲ့ ဦးထုပ်လွင့်သွားတဲ့ အခါ
ချစ်သူက ပြောတယ်။ ဒီည လေကအပြင်းသား။ ရင်ခွင်ထဲ တိုးဝင်ရင်း။
တစ်ယောက်က အချိန်လှမ်းမေးလိုက်တဲ့အခါ အလင်းစတွေဟာ သူတို့လက်ထဲ။
စီးကရက် မီးညှိလိုက်တယ်
သူ့အနား နုတ်ခမ်းစ စီးကရက်တပ်ထားတဲ့။ အသံတစ်စ။
သူ လက်ထဲက မီးခြစ်ကမ်းပေးလိုက်ရင်း။ ဖျက်ကနဲ
လက်သွားတဲ့ အလင်းစ။ ရွှေဝါရောင်ဆံနွယ်။ နတ်သမီး။
နုတ်ခမ်းဖျား အခိုးငွေ့တွေကြားက အပြုံးတစ်စ။ နတ်သမီး။ ရနံ့။
နတ်သမီး။ တစ်ခဏလေးထဲ
နတ်သမီး သူ့ဆီကထွက်သွားတယ်။
နံဘေးက စိုက်ကြည့်နေတဲ့ ချစ်သူကို ပြုံးပြလိုက်ရင်း။ သူ
မြက်ခင်းပေါ် လှဲချမိတယ်။
No comments:
Post a Comment